ပြန်လည်ပြင်ဆင်နေပါပြီ

ရွာခံ သူငယ်ချင်း အိုက်ဟိန်း ပုံလေးတွေ ထပ်ပို့ လာပေးလို့ ပြန်တင်ပေးလိုက်ပါတယ် ။ တစ်မြို့ လုံးက လူတွေ ဝိုင်းလုပ် ဝိုင်း ကူနဲ့ ၊ အစိုးရ ဝန်ထမ်းတွေရော လုပ်အားပေးနေတာမြင်မိတော့ စည်းစည်းလုံးလုံးနဲ့ လုပ်နေတာကို ပိုလွမ်းသွားတယ်ဗျာ ။ အရင်ရွာမှာနေတုန်းက လပြည့် ၊ လကွယ်ဆို ဘုန်းကြီးကျောင်း သန့် ရှင်းရေး လုပ်တုန်းကဆို တစ်ရွာလုံးက လူတွေ ကိုယ့်အပိုင်း ကိုယ့်ခွဲ ပြီးလုပ်ကျတာ ။ ယောက်ကျားလေးတွေ အလုပ်လုပ်နေချိန်မှာ မိန်းကလေးတွေက လည်း ရေတိုက်မယ့်လူနဲ့  ထမင်းစားချိန် စားဖို့ ချက်ပြုတ်ပေးတဲ့ လူနဲ့  ကိုယ်စီအလုပ်များနေကြတာကို ပြန်အမှတ်ရမိတယ် ။ အိုး စည် ဗုံ မောင်း တီးပြီး အားပေးတဲ့လူတွေနဲ့ တစ်ကယ့်ကို လွမ်းမိပါသေးတယ် ။ တစ်လ လုံးမှာ အလုပ် မလုပ်တဲ့ ရက် လပြည့် နဲ့ လကွယ် ၊ အဲ့ရက်မှာကိုရှိသမျှ အလုပ်တွေ ဘေးချထားပြီး ကောင်းမှု တွေ လုပ်ကြ တာပေါ့ ဗျာ ။ မနက်ခင်း တစ်ပိုင်းလုံးဘုန်းကြီးကျောင်းအတွက် အချိန်ပေးထားပြီး ၊ နေ့ လည် ထမင်းစားသောက်ပြီးရင်တော့ အိမ်ပြန်နားကျပေါ့ဗျာ ။ ရွာ ကာလသားတွေကတော့ လယ်ထဲက ကောက်ရိုးစင်ပေါ်မှာ ကြိတ်ဝိုင်းလုပ်ကြတယ်လေ ။ ခုလည်း အဲ့အဖြစ် အပျက်တွေကို မြင်ယောင်မိသေးတယ် ။ ခုလို ပြင်ဆင်နေ သန့် ရှင်းရေးတွေ လုပ်နေတာတွေကိုလည်း မြင်ပြီး တစ်ကယ်လွမ်းမိတယ် ။ တစ်ဦးကို တစ်ဦး စ လိုက် ၊ အလုပ်လေး လုပ်လိုက်နဲ့  နောက်ပြောင်နေကျတာကို အမှတ်ရမိတယ် ။ ခုတော့ မောင်နှမအားလုံးကို ပုံလေးနဲ့ တင်ပေးနိုင်အောင် ကြိုးစားလိုက်ပါတယ် ။ သူငယ်ချင်း အိုက်ဟိန်း လည်း ကျေးဇူးပါ ။














































































အိုက်ခီလောက်

မိုင်းပျဉ်းမှာလေပြင်းကျသွားတယ်


 ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် မကွေးတိုင်းအတွင်း ယခုလ ၁၆ ရက်နေ့က လေပြင်းတိုက်သဖြင့်  အစိုးရအဆောက်အအုံများ အပါအဝင် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပြင်းမြို့နယ်တွင် မြို့နယ်ဆေးရုံ၊ တရားရုံး၊ စိုက်ပျိုးရေးရုံး၊ ပညာရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်၊ လမ်းဆောက်လုပ်ရေး အရာရှိရိပ်သာများနှင့် နေအိမ်များ၊ ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့သည်။

''အမိုးလန်တာတွေရော၊ ပြိုကျတာတွေရော အမျိုးစုံပဲ'' ဟု ရှမ်းပြည်နယ်မှ ပေးပို့သော သတင်းများကို မှတ်တမ်းပြုရသည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (နေပြည်တော်) မှ အရာထမ်းတဦးက ပြောသည်။

ဆေးရုံဝင်းထဲက သံဃာဆေးရုံနဲ့ ဓာတ်မှန်ဆောင်၊ တရားသူကြီးနေအိမ်၊ တရားရုံးအဆောက်အအုံ၊ စိုက်ပျိုးရေးရုံးနဲ့ ဝန်ထမ်းအဆောက်အအုံ၊ ဆက်သွယ်ရေး ဖုန်းကြိုးကွန်ကရစ်တိုင်၊ အထကကျောင်းနှင့် အမက ကျောင်း၊ ဆောက်လုပ်ရေးဝင်းရှိ အေအီးနေအိမ်နှင့် အရာရှိတည်းခိုဆောင်၊ လျှပ်စစ် စက်ခန်းနှင့် ၂ ထပ်လိုင်း ဓာတ်တိုင် ၅ တိုင်၊ လမ်းဆောက်လုပ်ရေး အထူးအရာရှိ တည်းခိုဆောင်များ ပျက်စီးခဲ့ကြောင်း သူက ဆက်ပြောသည်။

ပိန်းဆန်းရပ်ကွက်ရှိ လူနေအိမ် ၁၁ လုံးနှင့် အောက်ဈေးတန်းအရပ်ရှိ နေအိမ်တလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အဆောက်အအုံများ ပြိုကျသဖြင့် ကျောင်းလုံဘုန်းကြီးကျောင်းမှ သက်တော် ၂ဝ နှစ်အရွယ် ရှင်နန္ဒာသီရိသည် ညာဘက်ခြေထောက် ဒဏ်ရာရရှိပြီး၊ ကျောင်းသန့်ရှင်းရေး လုပ်ကိုင်သူ ၄၆ နှစ်အရွယ် အမျိုးသမီးတဦးမှာ ဘယ်ဘက်မျက်လုံးအနီး ပွန်းပဲ့ကာ ၅ဝ နှစ်အရွယ် အမျိုးသမီးတဦးမှာလည်း ဘယ်ဘက်ပေါင်အတွင်း ဒဏ်ရာရရှိခဲ့သည်။

ထိုနေ့ ညနေ ၃ နာရီခွဲခန့်က မကွေးတိုင်း မြိုင်မြို့တွင် မိုးသက်လေပြင်းများ ကျရောက်သဖြင့် နယ်စပ်စည်ပင် သင်တန်းသူ အဆောင်တလုံး၊ စက်မှု ၂ မှ ဂိုဒေါင်တလုံးနှင့် စာရင်းစစ်ရုံး ပြိုကျခဲ့သေးသည်။

ညနေ ၄ နာရီခန့်က အဆိုပါ တိုင်းဒေသအတွင်းရှိ မင်းလှမြို့နယ်မှ မိုင် ၃ဝ ခန့် ကွာဝေးသော ရေနံမိုက်နယ် အိုးဘိုကုန်းအုပ်စုရှိ ရေပေါ်လေး၊ ဒီးဒုတ်နှင့် မင်းတဲကြီးရွာများတွင် လူနေအိမ်များ ပျက်စီးခဲ့သည်။

ရေပေးလေးရွာတွင်မူ နေအိမ် ၁၁ လုံး ပြိုကာ နွားတကောင် သေဆုံးခဲ့သည်။ ဒီးဒုတ်ရွာရှိ ဓမ္မာရုံနှင့် မင်းတဲကြီးရွာတွင်မူ စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့ရသည်။

နောက်ထပ် နာရီဝက်အကြာတွင် ရေစကြိုမြို့တွင်လည်း လေပြင်းနှင့်အတူ မိုးရေချိန် ဒဿမ ၅ အထိ ရွာသွန်းခဲ့သဖြင့် မြို့နယ် အထက ကျောင်းရှိ ကံ့ကော်ဆောင်ပြိုကျခဲ့ကာ၊ လူနေအိမ်များလည်း ပျက်စီးခဲ့သည်။

ရေစကြိုနှင့် ၅ မိုင်ခန့်ဝေးသော မုံညင်းကျေးရွာရှိ အောင်မြင့်ဗိမာန် ဘုန်းကြီးကျောင်းမှာလည်း အပျက်အစီးများ ဖြစ်ပွားခဲ့သည်။ 

သတင်းကို ဒီက ရယူပါတယ် ။  ငမူးတို့ မြို့ မှာသင်္ကြန်တွင်း ၊ လေပြင်းတိုက်လို့ သက်တမ်းရင့် ဘုန်းကြီးကျောင်း ပျက်ဆီးသွားပါတယ် ။ မြို့ မှာနေတဲ့ သူငယ်ချင်း အိုက်ဟိန်း  နှစ်ဆန်းတစ်ရက်နေ့ မှာ လေပြင်းကျရောက်လို့ ပျက်ဆီးသွားတဲ့ ဘုန်းကြီးကျောင်း ပုံတွေရိုက်ပြီး ပို့ လာပေး တယ် ။ ကြားရတဲ့နေ့ က စိတ်မကောင်းဘူး ဘာကြောင့်များလည်းလို့ ပေါ့ ။ အွန်လိုင်းက သူငယ်ချင်းနဲ့ တောင် ငြင်းခုံ မိသေးတယ် ။ လေပြင်းမကျရောက်ခင်က သတင်းတွေ မှာပါတယ်လေ  ရှမ်းပြည်ဖက် မုန်တိုင်းဝင်မယ် ဆိုတဲ့ အကြောင်း ။ ရှမ်းပြည်မှာတောင်တွေ ဒီလောက်ထူထပ်တာ မုန်တိုင်းဘယ်လို ဝင်မလည်း ဆိုပြီး စနေသေးတာ ခုတော့တစ်ကယ့် ဝင်မယ့် ဝင်တော့ ကိုယ့်မြို့ တစ်ခုတည်း ဝင်သွားတယ် :P ။

ခုတော့ဘုန်းကြီးကျောင်းပြန်ဆောက်လုပ်ဖို့ အတွက်  အလှူခံနေတာတွေ ၊ တောင်ကြီးမိသားစုမှာလည်း အလှူခံနေတာတွေ လည်း မြင်မိတော့ ငမူးလည်း ဒီက မောင်နှမတွေ လှူချင်တဲ့လူများ ရှိရင် ငမူး မေးလ် ထဲ မှာ ရေးပေးခဲ့ပါ ။ ခုတော့ ငမူး ပတ်ဝင်းကျင်က တတ်နိုင်သမျှ သူငယ်ချင်းအပေါင်းအသင်းများ ကို အလှူလိုက်ခံနေပါတယ် ။ငမူးအကောင့်  saikhunfa@gmail  နဲ့ မေးလ်ပို့ ပြီးဆက်သွယ်နိုင်ပါတယ်ဗျာ ။ ဘဏ်အကောင့်  1122 6400 0874 86  ဘဏ်နာမည်  RHB bank  မလေးရှား မှာ ပါ ။ ငမူးလည်း တစ်ခါမှ အလှူမခံဖူးပါဘူး :D ။ ခုတစ်ခါ ထိပ်ဆုံး ဦးဦးဖျားဖျားခေါင်းခံပြီး လုပ်ရတာဆိုတော့ တစ်မျိုးပဲဗျ ။ ဒါပေမယ့်ကိုယ့်မြို့ ကိုယ့်ရွာ အတွက်တော့ အုတ်တစ်ချပ် သဲတစ်ပွင့်တော့ လုပ်ပေးချင်တယ် ။ ရသလောက်တော့ တတ်နိုင်သလောက် လုပ်သွားချင်တယ် ။ တစ်မူးရလည်း တစ်ပဲ လှူ ဆိုသလိုမျိုးပေါ့ ။ ခုတော့ မသောက်ပဲ ၊ သောက်မယ့် ပိုက်ပိုက်တွေကို လှူဖို့  ဆုံးဖြတ်လိုက်ပြီ :D 









အိုက်ခီလောက်