အရေခြုံ ပြည်ထောင်စု (သို့မဟုတ်) လက်ပြောင်း ကိုလိုနီကျွန် ဘ၀ပေ လော

သူက ၈ လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှုအတွင်း ပါဝင် ခဲ့သော ကျောင်းသား တစ်ဦး .... ထိုမှ သျှမ်းလက်နက် ကိုင်သူပုန် ခေါင်းဆောင်ဖြစ်ခဲ့သူ စ၀်ခွန်ကျော် (ခ) ကိုသံချောင်း။

သူနှင့် မီဒီယာသမားများ နယ်စပ်တစ်နေရာ၌ တွေ့ဆုံခွင့်ရခဲ့သည်။ အချိန်ကား ၂၀၀၃ ခုနှစ် အတွင်းက ဖြစ်သည်။

သူက သျှမ်းပြည်အတွင်း လက်နက်ကိုင်တော်လှန်ရေး ခရီးကြမ်း အတွေ့အကြုံများကို ဖေါက်သည်ချတော့သည်။

ထို အထဲတွင် သျှမ်းပြည်သူများ ကြုံတွေ့ခံစားနေရသည့် အဖြစ်အပျက်များ ပါဝင်သည်။

“သျှမ်းပြည်သူတွေ ခံစားရတဲ့ ဒုက္ခတွေက ကျနှော်တို့ ပြည်တွင်းထဲက လူတွေထက် အများကြီးဆိုးတယ် ဗမာစစ်တပ်က သျှမ်းဆိုရင် မိန်းမ ကလေး လူကြီး ဘုန်းကြီး မခွဲဘူး တွေ့သမျှအကုန် နှိပ်စက်တယ် သတ်တယ် ရွာ မီးရှို့ တယ်မုဒိန်းကျင့် တယ် ”

“သျှမ်းတွေဒီလိုခံစားနေရတော့ သူတို့ ကိုယ်ပိုင် တိုင်းပြည်ထူထောင်မယ်ဆိုရင် တရားပါတယ်ဗျာ ” လို့ နုလုံးသားထဲမှ လေးနက် ယုံကြည်စွာ ပြောသော စကားကို စာရေးသူ ယနေ့တိုင် မေ့မရ နိုင်ပဲရှိ နေသည်။

စာရေးသူကိုယ်တိုင် ပြည်နယ်သားတစ်ဦး ဖြစ်လေရာ ငယ်စဉ်က ဗမာစစ်တပ်၏ သောင်းကျန်းရမ်းကားမှု များကိုမျက်ဝါး ထင်ထင် မြင်တွေ့ဖူးသည်က တစ်ကြောင်း သူပြောသော စကားအရှိန်ကြောင့် တစ်ကြောင်း စိတ်ထဲတွင် တဒင်္ဂ ဒေါသူပုန် ထနေတော့သည်။

ငယ်စဉ်က အဖြစ်အပျက်တစ်ခုကို ပြေး၍ အမှတ်ရလာသည်။

ကချင်ပြည်နယ် မိုးလဲချောင်း တစ်လျှောက် သျှမ်းရွာများသို့ ဆန်စပါး အရောင်းအ၀ယ်ကိစ္စတစ်ခု နှင့် ခရီးထွက်ခဲ့စဉ် က ဖြစ်သည်။

မိုးတွင်းကာလ မိုးကလည်း တစိမ့်စိမ့် ရွာနေစဉ် ရွာသားများက မိုးလဲချောင်းဖြတ်ကူးရန် လှေသမ္ဗာန် ခတ်ကွင်းပြင်နေကြ သည်။

ထိုစဉ် ချောင်းဟိုမှာဘက်ကမ်း၌ ဒိုင်း... ဒိုင်း ဟု ကျယ်လှောင်သော သေနတ်ဖေါက်သံကို ကြားလိုက်ရသော အခါ ရွာသား တစ်စုမှာ ကြောက်လှန့် မှင်သက်ကုန်သည်။

မကြာမီ ဗမာစစ်တပ်မှ ကပ္ပတိန်တစ်ဦးက လှေကို ဒီဘက်ကို ယူခဲ့စမ်း .. မကြားဘူးလား .. သေသွားမယ်ဟုအော်ပြော လိုက်သဖြင့် ဗမာစစ်သားများအား အဆိုပါ လှေဖြင့်ရွာဘက်ကမ်းသို့ အရောက် ကြိုပေးခဲ့ရသည်။


ဗမာစစ်သားများ ရွာထဲရောက်သည်နှင့် ရွာသူကြီးအပါအ၀င် ရွာမှ လူရှိလူကုန် ဆင့်ခေါ်ကာ လူစုစေပြီး မင်းတို့ ဘာလူမျိုး တွေလဲ ဆိုကာ တစ်ယောက်ချင်းစီကို စစ်ဆေးမေးမြန်းလေတော့သည်။

ရွာသားများက သျှမ်းဟု ဖြေကြသည်။

ကချင်ပြည်နယ်တွင် ကချင်သူပုန်များ ထကြွနေသောကြောင့် ကချင်ဟုဖြေဆိုသူ ရှိခဲ့ပါလျှင် ဗမာစစ်ဗိုလ်က မည်သို့ပြုမူ မည်ကို ကြိုတင်မသိသော်လည်း ကောင်းမွန်စွာဆက်ဆံမည် မဟုတ်တာတော့ သေချာသည်။

ထိုအရာများက ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသော တိုင်းရင်းသားများ၏ ဘ၀ ပုံရိပ် အပိုင်းအစတချို့ ဖြစ်သည်။

ယနေ့ဆိုလျှင် ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင် ချင်း ရှမ်း စသည့် တိုင်းရင်းသား ခေါင်းဆောင်များ ဗြိတိသျှ ကိုလိုနီ ကျွန်ဘ၀မှ လွတ်မြောက်ရန် ရှမ်းပြည် ပင်လုံမြို့၌ စာချုပ်ချုပ် ဆိုခဲ့သည်မှာ ၆၃ နှစ်တိုင်ခဲ့လေပြီ။

တနည်းအားဖြင့် တိုင်းရင်းသားများက အမျိုးသားတန်းတူရေးအပေါ် အခြေခံသော ပြည်ထောင်စု နိုင်ငံတော် သစ် ထူထောင်ရန် သဘောတူ လက်မှတ်ထိုးသည့် နေ့ဖြစ်သည်။

သို့သော် ၆၃ နှစ်ကြာလာသည့် တိုင် ပင်လုံစာချုပ်၏ အနှစ်သာရ အရ ထူထောင်မည့် ပြည်ထောင်စု စနစ် ကိုဗမာစစ် ခေါင်းဆောင်များက ကျောခိုင်းထားရုံ မျှမက ဖြောင့်ဖြောင့်ကြီးပင် ဆန့်ကျင် ပြနေသည်။

တစ်ဖက်တွင် အရေခြုံ ပြည်ထောင်စုစနစ်ကိုသာ အသက်သွင်းလျှက်ရှိသည်။

ယနေ့ ကျရောက်သည့် ပြည်ထောင်စုနေ့တွင် နိုင်ငံတစ်ဝှန်း၌ လက်ရှိ နိုင်ငံတော် အကြီးအကဲ ဆိုသူ နအဖ (နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိန့်ခွန်းတိုကိုသာ ရွတ်ဖတ်နိုင်ကြတော့ သည်။

၅ မိနစ်မျှသာ ကြာသည့် သူ၏ မိန့်ခွန်းတိုမှာ ပြည်ထောင်စုဖြစ်ပေါ်လာသည့် သမိုင်းကြောင်းနှင့် ဗိုလ်ချုပ် အောင်ဆန်း အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ အမည်ကိုပင်ထည့်သွင်းခြင်း မပြုတော့ပေ။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များ မျှော်မှန်းခဲ့သော ပြည်ထောင်စု၏ အနှစ်သာရများကို ပြည်ဖုံးကားချလိုက်လေပြီ။

လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်သည်လည်း အတူမွေးဖွားခဲ့ခြင်းသည် ပြည်ထောင်စုမူကို အကောင်အထည်မဖေါ် နိုင်သောကြောင့် ဖြစ်သည်။

ထို့အတူ တိုင်းပြည်မှာလည်း ဖွတ်ကျောပြာစု ဘ၀ ဖြင့် ကုန်းကောက်စရာမရှိအောင်ဖြစ်နေပြီး တိုင်းရင်းသားတို့အခွင့် အရေးမှာ စစ်ဖိနပ်အောက် ပြားပြားမှောက်ခဲ့ရလေပြီ။

ထိုစဉ်က ဗမာတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ်နှင့်ပတ်သက်၍ ဖွဲ့စည်းရမည့်နိုင်ငံတော် သစ်ကြီးသည် တစ်ပြည်ထောင်စနစ်ဖြင့်မဟုတ်ပဲ ပြည်ထောင်စုစနစ်ဖြင့်သာ ဖွဲ့စည်းရမည့် အကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။

“ပြည်ထောင်စု နိုင်ငံတော်ဆိုကတည်းက ကျွန်တော်တို့ အခုဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဟာ unitary constitution လူမျိုး တစ်မျိုးတည်း ဆိုတဲ့ နိုင်ငံမျိုးမဟုတ်ပဲနဲ့ လူမျိုးပေါင်းစုံ ပြည်ထောင်စုနိုင်ငံဆိုတဲ့ အဓိပ္ပါယ် ရောက်သွားပါတယ်”

သူ၏ ထိုထက် လေးနက်သော ရှင်းလင်းချက်မှာ အမျိုးသားပြည်နယ်များ ပူးပေါင်း၍ ပြည်ထောင်စုကို ဖွဲ့စည်းရာ တွင် အခြေခံရမည့်မူမှာ တန်းတူရေး principle of equality ဖြစ်ကြောင်း တင်ပြခဲ့ရုံ မက တန်းတူရေးကို ပို၍ ခိုင်မာစေသော အချက်မှာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ခွဲထွက်ခွင့်ကို ရေးဆွဲ ပြဋ္ဌာန်းခြင်းဖြစ်သည်။

ခွဲထွက်ခွင့်ဆိုသည်မှာ အမျိုးသားပြည်နယ်များသည် မိမိဆန္ဒအလျှောက် ပြည်ထောင်စုအတွင်း ပါဝင်လာ ခြင်း ဖြစ်ပြီး ပြည်ထောင်စုထဲ ပါဝင်ခြင်းဖြင့် အကျိုးမရှိဟု ယူဆသောအခါ မိမိ ဆန္ဒအလျှောက် လွတ်လပ်စွာ ခွဲထွက် နိုင်သည့် အဓိပ္ပါယ် ဖြစ်သည်။

ထို့ကြောင့် ဗမာစစ်ဝါဒီများက ခွဲထွက်ခွင့်ကို လက်ညိုးထိုး၍ တိုင်းရင်းသားများအပေါ် ဖိနှိပ်သတ်ဖြတ် ၀ါဒမှိုင်းတိုက်နေခြင်း သည် လုံးဝမှားယွင်းသော လုပ်ရပ် ဖြစ်ပေသည်။

မည်သည့် လူမျိုးမဆို ကိုယ့်လူမျိုး ဘာသာ သာသနာ စာပေ ယဉ်ကျေးမှုများကို မပျောက်မပျက် ထိန်းသိန်းကာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရချင်သူချည်းသာ ဖြစ်မည်။

သို့အတွက်လည်း ဗြိတိသျှ ကိုလိုနီလက်အောက်မှ ဗမာ အပါအ၀င် တိုင်းရင်းသားများ အတူတကွ လွတ်လပ်ရေးရယူ ခဲ့ခြင်းဖြစ်သည်။

တကယ့်လက်တွေ့အခြေအနေတွင် တိုင်းရင်းသားတို့ဘ၀မှာ ဗြိတိသျှ ကိုလိုနီလက်အောက်မှ ဗမာစစ် ကိုလိုနီလက်အောက် သို့ ပြောင်းလဲ ကျရောက်နေသည်နှင့် မခြားတော့ဟု ဆိုလျှင် လွန်မည်မထင်ပေ။

အဘယ့်ကြောင့်ဆိုသော ယနေ့တိုင်းရင်းသားတို့ ကြုံတွေ့နေရသည့် အခြေအနေသည် ဗြိတိသျှ ကိုလိုနီစနစ်တွင်နေရ သည်ထက် ပိုဆိုးနေသောကြောင့် ဖြစ်သည်။

ထိုသို့ပြောခြင်းသည် ဗြိတိသျှကိုလိုနီစနစ်ကို အလွမ်းသည်နေခြင်းမဟုတ်ပါ။

ကျွန်ဖြစ်သည်ဆိုလျှင် မည်သူ့ကျွန်ဖြစ်စေ ဖိနိပ်ခံဘ၀တွင်သာရှိသောကြောင့် မကောင်းပါ။ ကိုယ့်အိမ်ကိုယ်မြေအတွင်း လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက် ပိုင်ခွင့် မရှိသော ဘ၀ မှာ ကျွန်ဖြစ်သည်နှင့် အတူတူပင် ဖြစ်ပါကြောင်းတင်ပြ လိုက်ရပါသည်။



ဖတ်မိတဲ့ ဆောင်းပါးလေး ကိုကြိုက်လို့  ဒီနေရာ လေးကနေ ပြန်သယ်လာပြီးတင်မိတာပါ ။ အကြောင်းမတိုက်ဆိုင် တဲ့ လူ ၊ သဘောထားခြင်းမတိုက်ဆိုင်တဲ့လူများ အတွက်မဟုတ်ပဲ ၊ ရိုးရိုးစင်းစင်းလေး တွေးမိပြီး သဘောထားခြင်း တူတဲ့ လူများကို သာ ဖတ်စေလိုပါသည် ။ မည်သူ့ ကိုမျှ ထိခိုက်စေလိုသော် သဘောထားမပါရှိသောကြောင့် နားလည် ခံစားပြီး ဖတ်ရှု ကျပါလို့ ။ ငယ်တုန်း က တည်းက တိုက်ပွဲကြားထဲမှာ ကြီးပြင်းလာရလို့  ခံစားမိတာလေးနဲ့ ထပ်တူကျလို့  ကြိုက်မိတာလေးပါ ။

အိုက်ခီလောက်
အမြည်းလေးတွေ
2 Responses
  1. kiki Says:

    ဟုတ်ပ .. တို့ ရှမ်းတွေ အပါအဝင် ရှိရှိသမျှ တိုင်းရင်းသားလူမျိုးပေါင်းစုံ တို့  လွတ်လပ်တယ် ဆိုတဲ့ ကိုယ့်ပြည်တွင်းမှာတင် ကျွန်ပြန်ဖြစ်နေကြရတယ်... ဆင်းရဲတွင်းထဲ နစ်သထက် နစ်နေကြရတယ် ။


  2. Anonymous Says:

    ကိုခလောက် လိမ်မာလာပြီ ဗျိုးးးးးး
    ဟဲဟဲ ဘာရယ်မဟုတ် ပြောသွားတယ် ဘာလုပ်ချင်လဲ ဗြဲ ဗြဲ

    အိမ်ကလဲ ထန ထန ပြောင်းနိုင်လွန်းအားကြီးတယ်
    ဘာပဲပြောပြောလှပါ၏

    ဆလူး


Post a Comment